Saturday, June 28, 2014

မနီကလေး ဘယ်ကလာ

စာသင်ကျောင်းက လာနေတဲ့ အဲဒီ  မိန်းကလေးငယ်ဟာ မနီဖြစ်တယ်။မနီ ဦးတည်သွားနေတဲ့ လမ်းအဆုံးမှာ စာသင်ကျောင်းရှိတယ်။
တစ်ခုခုကို သင်တဲ့ ကျောင်းတွေထဲမှာ ဒါဟာ စာကိုသင်တဲ့ကျောင်းဖြစ်တယ်။
မနီကလေး
လိမ္မာလိုက်ပုံများ ကျောင်းမှာ စာရေးစာဖတ်တွေ သွားသွားသင်တယ်။

တာရာမင်းဝေ

လေစီးကြောင်းထဲက လူများ

အချို့သောလူများသည် လေထဲတွင်ပျံသန်းနိုင်ကြလေသည်။
သူတို့သည်..
ပါးစပ်မှလည်း မီးခိုးမထွက်၊ ခါးမှာလဲပန်ကာတပ်မထား။
ဝမ်းဗိုက်မှာလည်း  ဆီ၊ရေ၊လေ၊၀ိုင် ဟုရေးမထား။

သို့သော်...
သူတို့သည်...
လေထဲမှာ ပျံသန်းနိုင်ကြလေသည်။

သိဟ်ရာသီဝတ်ရုံ




အမုံအဖူးတွေဖြစ်ခဲ့ပြီးမှာတော့ အပွင့်ဆက်ဖြစ်ရတော့မှာပေါ့
ဒါပေမဲ့..
အဲဒီနေ့ကို ကျွန်တော့်ရဲ့ သစ်ပင်ကလေးတွေ ပြန်ရောက်မလာကြတော့ဘူး။
မျက်နှာပေါ် ဖိနပ်မချွတ်ဘဲ တက်လာတဲ့အပြုံးကို
မုန်းတယ်..
သုည၀င်စားသလိုလိုနဲ့ ကိုယ်ကဘဲ ကွေ့လျားဝိုင်းစက်
ပြီးဆုံးသည်ထိ တိုင်အောင် အိမ်ထရံမှီပြီး ရှက်ရတယ်။

ခုတော့လဲ မဆင်မခြင်  လိမ္မာလိုက်ပါပြီ
ဂီတတွေကို ပိုပိုလိုလို တီးမှုတ်ယူမသွားတော့ဘူး
မုယော အပွင့်ကလေးကိုလဲ မြေပြင်ဆီ ပြန်ပြစ်ပေးလိုက်ပြီ။

၁၈:၀၀ နာရီ
ရထားဟာ လှလှပပကြီး တံခါးဖွင့် ၀င်ရောက်လာပါရဲ့
ဒါပေမယ့်
အဲဒီအိမ်ကလေးမှာ ဘူတာက သေဆုံးသွားခဲ့ပြီးတာ ကြာပြီ။                   ။

တာရာမင်းဝေ

မုန့်ကြိတ်ဆုံလုပွဲ



ဆီမထည့်နိုင်တဲ့ တံခါးကြောင့် ခြေထောက်တွေ တအီအီ ၀င်လာကြ
သူတို့မှုတ်ထားတဲ့ စကားလုံးတွေနဲ့ပဲ ငါ့ကို ဖောင်းကဲ ဖောက်ကြ..။

အဲဒီလိုနဲ့ပဲ နတ်တွေကတောင် ကစားရမလို နားရမလို
(ငါလိုကောင်အတွက်ကတော့ ပြောမနေနဲ့တော့..)

သေချာတာက ငါဟာ နွေတွေလို ဆောင်းစား သတ္တ၀ါ မဟုတ်ဘူး
ဖြေဆေးကိုင်ပြီး ပွင့်ပေးမဲ့ ပဒိုင်းပန်းလဲမဟုတ်ဘူး
ဒါပေမဲ့ ထားလိုက်ပါ မေ့ထားလိုက်ပါတယ်

ရှိသမျှလင်းစရာလေးတွေကို သေခိုင်းလိုက်ပြီ
ဘယ်တောအုပ်မှာမှ သစ်ပင်နံပါတ်ပြောပြီး အမြစ်မချချင်ဘူး
သောကြာနေ့အချင်းချင်းအပျင်းခံရရင် နာတယ်

လှံတံက ခေါ်လို့မလိုက်ရင်လည်း ပင်အပ်ယူပြီး လားမစိုက်နဲ့
မင်းတို့ကျေနပ်ရင် ငါလိုမြေက နိမ့်မြဲနိမ့်ပေးလိုက်မယ်
လပြည့်ဝန်းကို ပိန်ချွန်းချွန်းထိုင်ကြည့်နေရရင်ဘဲ ငါ့အတွက်ဖြစ်ပါတယ်


တာရာမင်းဝေ